ကောင်းကင်ကစာသားဟာ ဘယ်ဆီမှ ရွာသွန်းဖွယ်ရာ မရှိဘူး၊ သေချာတယ်။

ကွက်တိ ရိုက်တင်ထားတဲ့ ကာလသုံးပါး ပေ့(ဂ်ျ)

နမူနာပုလင်းဖုံးဖော့ပြားနဲ့ ကြပ်ညပ်နေကျ ည

ဒုက္ခဆိုတာ ပြဿနာအစစ်မဟုတ်ဘူး..၊ ဒီလို

ဆိုနေကျသီချင်းအတိုင်း အပိုင်းလိုက် ပြသ/ပြီးစီး

လုသော…၊ ငါတို့စိုက်ပျိုးမြက်ပင်စိမ်းများအကြောင်း။

-

နွေရောက်ပြီ..ဥသြက ခပ်စောစော သိဟန်တူရဲ့

မျက်နှာဆီ ပက်ခနဲ ဖြတ်ရိုက်သွားတဲ့ အလင်းလွန်

ညွှန်ပြရာ လမ်းဆိုင်းဘုတ်များကြား ခိုနားဖွယ်လည်း

မရှိ..၊ ဒါ တိတိကျကျ သွားလာရမယ့် ခရီး

မီးကို အဆံခတ်ပြီး ဓားသွားတပ်ထားတဲ့ မြွေ

ကိုယ်လုံးကိုယ်ထည် ရှားလျားပျော့အိနေတဲ့ နွေ

ဟုတ်တယ်..၊ သူ စိတ်ဆိုးမာန်ဆိုးနဲ့ လှစ်ခနဲပါပဲ

အိမ်တံခါးကို ကန်ဖွင့်ဝင်လာခဲ့သလိုမျိုး ၀င်လာတယ်။

-

ပြန်ထွက်သွားမလား..ပြော၊ ပြန်ထွက်သွားရမလား

တစ်ခုခု ဖြစ်နိုင်ချေ ပြော..၊ ပြန်ထွက်သွားဖို့ပဲ ပြော..၊

လောကအကြောင်း ငါတို့ ဘာမှ မသိသေးဘူး ပြော၊

ပူလွန်းတဲ့ နွေမှာ.. တောင်ကလည်း ညို့တက် မလာ

တိမ်ဦးလေပြည်လည်း လွမ်းဘွဲ့ကျွမ်းဘွဲ့ ဘာမှ မစေစား

ဘယ်သူမဆို ကိုယ်တိုင်ရေးချထားပြီး စာသားတွေမှာပဲ

အသေချာဆုံး ရှုံးနိမ့်ခြင်းများနဲ့ စိုစိုရွှဲရွှဲနေနေကျသာ

ဖြစ်ကြတယ်။   ကွယ် !  ဒါ..တိုးတိုးတိတ်တိတ် နွေပဲ။

ညဥ့်တွေဟာ တစ်ခုခုနဲ့ စိုစွတ်နေတာပဲ..

တိပ်ရီကော်ဒါလိုပဲ ဖြစ်ဖြစ်

လေဆာဓာတ်ပြားချပ်လိုပဲ ဖြစ်ဖြစ်

အတိတ်ကို ပြန်ရစ်ကြည့်မိတိုင်း…။

-

ပင်လယ်မှာ လှိုင်းတွေ စီးခဲ့တယ်…

တိမ်တွေပေါ် ကျော်ပြီးတက်ခဲ့တယ်…

ကောင်းကင်ထဲ ပျံဝဲကြည့်ခဲ့တယ်…

နေခြည်ကို ရွှေရည်မှတ်ခဲ့တယ်…

ရေပြာပြာ ကဗျာလိုဖတ်ခဲ့တယ်…

မျက်ဝန်းကြား မြစ်များ ထွန်းခဲ့တယ်…

ဆိုက်ကပ်ရာ ကမ်းသာ ဝေးခဲ့တယ်…

အိပ်မက်မိုး သီကြိုး ပြတ်ခဲ့တယ်…

-

အခုများ…

ဘဝဟာ ပါးလှပ်နေတဲ့ နံရံပဲ

ဘဝနဲ့ပဲ တိုက်ခွဲပစ်လိုက်ရ

လှပနေမယ်လို့လည်း

မထင်ဘူး။

သားတို့မှာ အမှတ်တရစာသားတွေနဲ့

အဲဒီမြစ်က

ဘယ်တော့မှ ခေတ်နောက် မကျတတ်တဲ့အကြောင်း

ချိုမြနေဆဲ နွေးထွေးဖူလုံခြင်းများနဲ့ အတူ

ရမယ်ရှာ ပူလောင်နေတတ်ဆဲ ပင်လယ်…။

-

အထင်ကရ မှတ်သားထားပြီးသား

နွေရွက်တွေအတိုင်း အရိုင်းဆန်တဲ့ မိုး

အထပ်ထပ်မြင်ခဲ့ရပြီးလည်း သားတို့မှာ မရိုးဘူး

မိုက်မဲမှုထူးခတ် မထားတော့ သားတို့ရင်မှာ

မြစ်က သွန်ချလိုက်တဲ့အတိုင်း ပြိုတယ်..။

-

ဘယ်သောအခါကမှ

ငြင်းဆန်ဖို့ အကြောင်းတရား မရှိခဲ့ဘူး မေမေ

ပင်လယ်လို မေမေ အငွေ့ပျံထွက်တိုင်းလည်း

သားတို့ ခြောက်ခန်းရပါတယ် ဆိုတာလေး

ဒီကဗျာထဲမှာပဲ သားတို့..

ထည့်ရေးပါရစေ မေမေ..။

အရွေ့ များနောက် တရွတ်တိုက်လိုက်ပါနေရ

လမ်းမများ

တောတောင်သစ်ပင်

တိမ်ညိုမိလ္လာ တိမ်စူကာ

မနေ့က ဖတ်ရှုခဲ့ရ နာရေးကြော်ငြာ။

-

ဖြည်းဖြည်း(သို့မဟုတ်) ရုတ်ခနဲ

ခြေသံ တရှပ်ရှပ်/ခွာသံ တဖြောင်းဖြောင်း

ဒုက္ခနဲ့ စေ့စပ်ကြောင်းလမ်းပြီး ဘ၀များ

နေ့များ ညဥ့်များ သတိသမ္ပဇဉ်တရားများ

အလွတ် ရွတ်နေကျ ကဗျာများ။

-

ယဉ်ကျေးမှုများ မိရိုးဖလာများ

ရှေးမြန်မာကြီးတွေမှာ ကိုယ်ခံစွမ်းအားနဲ့

ဟို ရှေ့က စတော့ကင်လေးမှာ ပါးလှပ်လွန်းတယ်

အမြင်သာကြာပြီး အထာမကျသေးတဲ့ အကြောင်း

ဒီမိုကရေစီကလည်း ကျေးလက်မှာ ကွက်ကြားရွာသွန်းကြောင်း

ဂေါ်ဘာချော့ နိုဗယ်ဆုရပြီးနောက် ရုရှားသမိုင်းကြောင်း

စက်ဝိုင်းအရွေ့မှာ ခေါင်းချာချာလည်။

-

ကိုယ်လည်းကိုယ်ပဲ

သူလည်းသူပဲ

ကိုယ်စီ လောကီသစ္စာနှစ်ပါးနဲ့ ယုယုယယ

ဒီလိုခေတ်ကြီးမှာ ယောင်္ကျားဆိုတဲ့ကောင်တွေ

မျက်ရည် ရွှဲခနဲ ကျကျ နေတတ်တာ

ဘာမှလည်း အဆန်းတကြယ် မဟုတ်ပြန်ဘူး။

ဆိုက်အဖက် များတဲ့ သတ္တ၀ါ

တချို့တွေက.. ချစ်ကြခင်ကြ
တချို့တွေက.. မုန်းကြရွံ့ကြ
တစ်နေရာထဲကပဲ ကြိုဆိုခဲ့ပြီးတော့
ခွေးလိုဝက်လို ကန်ကျောက်ပစ်ထုတ်။

-

ဘာမှ အဆန်းတကြယ် ခြယ်သ မထားတဲ့
လောကဓံရဲ့ ဟန်ချက်ပျက် ဇာတ်လမ်းဇာတ်ကွက်ထဲ
လူ့ဘာဝလေးကိုပဲ အမြဲယုယနေရ၊ ခင်တွယ်မိရ။
အို! မြတ်ရှင်ဗုဒ္ဓ..
လာဘ/အလာဘ.. နိန္ဒာ ပသံသာ
မိုးတလှည့် နွေတလှည့်.. မျက်နှာ။

-

ကဗျာချစ်စိတ် မတ္တနဲ့
လောကအထဲ ဘ၀ကို ဟင်းလင်း ဖောက်ခွဲခဲ့ရ
ဟုတ်ကဲ့.. မိုက်ကန်းမိရတယ်
ဒီလူဟာ အရူးအနှမ်း ဖြစ်ရတယ်
ဆိုးကျိုးတွေ ပစ်ချချန်ထားမိရတယ်
စိတ်ထဲမတော့ ဘယ်ကောင်းမလဲပေါ့။

-

ဒီလိုလူပဲ.. ဒီလူပဲ
ဝေါဟာရတွေ ခွက်လက်ဆွဲပြီးမှ
အများသူငါဆီ ဝေငှဦးမတဲ့…
တော်တော်များများ ရယ်ကြမောကြဦးမယ့်
အထာ…။

တစ်ကိုယ်ရေ ညဥ့်များ

အခုတလောများ

အရင်လို မဟုတ်တော့၊ ညဥ့်တွေထဲ

သေကောင်ပေါင်းလဲ အလွမ်းနဲ့…

သတိတရ မျက်ဝန်းလေးနဲ့…၊ ငါ့မှာ

တရေးနိုး..နိုး နေကျ ဖြစ်လာ။

-

မင်း! ဘယ်လို လိပ်ပြာမလေးလဲ?

ရှိရှိ/မရှိရှိ မင်းအရိပ်တွေချည်း ဝဲတတ်လွန်း

ငါ့မှာ ထွန်းလာရ ပန်းနုသဲသောင်လေး

နီးလိုက်ဝေးလိုက် ရိုက်ချက်များကြားက

နင်ဟာ.. စပယ်လိုလှတဲ့ နှင်းဆီ။

-

အိုကွယ်..

စ အိပ်ဖို့လည်း ခက်ခဲရ

အိပ်တော့လည်း အိပ်မက်တွေထဲ ပြုတ်ပြုတ်ကျ

နိုးလာတော့လည်း နင် ထားရစ်ခဲ့တဲ့အတိုင်း

အတိအကျပဲ ငါ ငုတ်တုတ် ထထိုင်ရ။

-

စိတ်ညစ်တယ်..

ဘယ်လို ဘဝမျိုးတွေလဲ.. စဉ်းစား

ဘယ်လို ဘဝမျိုးထဲက အချိုးအကွေ့လဲ.. စဉ်းစား

ဘယ်လို အချိုးအကွေ့မှာ တိုက်ခိုက်မိခြင်းလဲ.. စဉ်းစား

ဘယ်လို အထိအရှနဲ့ ဘယ်လောက်နာကျင်ရဦးမလဲ.. စဉ်းစား

ညစ်နေတဲ့ စိတ်နဲ့.. ငါ.. စဉ်းစား။

-

ငါ..လား…

ငါ့ညဥ့်တွေနဲ့ ငါပဲ

နင့်အရိပ်လေးမှာ ဒုက္ခများသူ။

တကယ့်ဖြစ်ရပ်၌ သူမ(သို့တည်းမဟုတ်) ကျွန်တော် မပါဝင်

လောလောဆယ်ဆယ်
အတည်မပြုနိုင်သေးသော သတင်းရင်းမြစ်အရ
ဘယ်ဘက်ရင်အုံက ဒုက္ခတည်ရာ သမုဒယရပ်ဝန်း၌
နွေဦးမိုး တစ်ပြိုက်နှစ်ပြိုက် ရွာသွန်းကြောင်း။
-
ဟောင်းနွမ်းဒဏ်ရာများ၏
ပွင့်လင်းရာသီ တင်ကြိုကာကွယ်ရေး စီမံချက်အား
နှလုံးသားက ငြင်းဆန်သမှု ပြုနေခြင်းနှင့်
ရေရာတိကျမှု မရှိ၊ မျက်ဝန်းသတင်းကိုသာ
အထပ်ထပ်အခါခါ Repectလုပ်ထားကြောင်း။
-
စက္ကန့် မိနစ်တို့ စုံစေ့ညီညာ၍
လာလမ်းအတိုင်း ဆုတ်ခွာသိမ်းရုပ် လေပြေညင်း
ဆင်းသက်ခဲ့ရာ ကာလများ၏ နတ်တို့လုံမငယ်
လွယ်ပိုးချန်ရစ်ခဲ့ အလွမ်းနှင့် အမွန်အစ မြစ်ကျဉ်း
စသည်ဖြင့်…၊ မခိုင်လုံသော နေ့ခင်းသတင်းစာ၌
မိုက်မဲသော ဖားတစ်ကောင် သေဆုံးကြောင်း။

  • 4း45 AM/9.3.2012
  • ဝမ်းနည်းနေတဲ့ တိရိစ္ဆာန် (၈)

    ကိုယ်ပေါ်မှာ
    အရှင်ဒေဝဒတ် ကို တပ်ဆင်
    အဇာတသတ် ကို တပ်ဆင်
    မိတ္တဝိန္ဒက ကို တပ်ဆင်။
    -
    ကိုယ်ပေါ်မှာ
    ဂဠုန်ဦးစော ကို တပ်ဆင်
    ဂျုဒါ ကို တပ်ဆင်
    ဖြားယောင်းသောမြွေ ကို တပ်ဆင်။
    -
    အခု မြင်နေရတာတွေ အကုန်
    မြင်နေရတဲ့အတိုင်း မဟုတ်ဘူး၊ ဒီလို
    ငြင်းဆန်ပစ်ချင်၊ ဟစ်အော်ပစ်ချင်
    ကိုယ်ပေါ်မတော့.. ဒါဒါတွေချည်း တပ်ဆင်။

    အတိအကျများ

    တစ်နေ့လုံး ဝဲခတ်ခဲ့ပြီး လိပ်ပြာလေး
    ပင်လယ်ကို မွှေ့ရမ်းနိုင်စွမ်း လေညင်း
    နှလုံးသားထိ လင်းခနဲ လက်ခနဲ နွေဦးကြယ်
    ဆည်းဆာနှောင်းစမှာပဲ ကွယ်ပတတ် လမင်း
    ရင်ပြင်ကို ထုတ်ချင်း ဖောက်ထွင်းသွားခဲ့ မြား
    အကြားအလပ် မရှိ.. နှင်းဆီထက်က
    တစ်ဝက်ပွင့်ရိုး စံပယ်။
    -
    နွှယ်ယှက်ဆဲ အထုံးအဖွဲ့လေးက နုအိနေဆဲ
    ဘယ်လို ကွဲလွဲချက်တွေနဲ့ ချဉ်းကပ်လာခဲ့သလဲ လို့
    ကံကြမ္မာတောင်ကုန်းမှာပဲ ပြစ်တင်းမို့မို့ ဖို့ချင်ရ
    ပြီးစီးလုနီး နောက်ကောက်ကျ ကိုယ်စီပတ်လမ်းများနဲ့
    ဓားအိမ်က ထုတ်တာနဲ့ အစကို အဆုံးသတ်တော့မယ့် ဓားသွား
    မျက်တောင်ဖျားမှာပဲ ရပ်တန့်ထားမယ့် အိပ်မက်
    ထပ်မံဖွယ် အခြား မရှိ၊ ငြိတွယ်။

    ဇာတ်ပျက်ခိုးသား

    အပမ်းတကြီး စိုက်ပျိုးခြင်းတို့သည်
    အလဟဿ အရိပ်နေနေ အခက်ချိုးချိုး ဓမ္မတာများနှင့်
    ခေါက်ရိုး ချိုးချ၊ တပ်အပ် ကျ/မကျ စဉ်းစားကြကုန်။
    -
    ပုံပြင် မဟုတ်သော အစတေးခံ သက်ရှိသက်မဲ့များ
    အားမနာ လျှာမကျိုး မိုးမမြင် လေမမြင် အနုပညာအကြေးခွံများ
    မြသားထက် မှဲ့ကွက်ထင် ရှုမြင်၍ မကောင်း။
    -
    အသွေးနဲ့ အသက်နဲ့ ဘဝနဲ့ လဲထပ်ထားရ လွတ်လပ်ခြင်း၌
    ယဉ်ကျေးမှုကို ငါ့မြင်းငါစိုင်းကြ စဏ္ဌာလတို့
    သင်ရို့သာ ရသာညွန့်အား ခူးခပ်စားမြိုထားလေဘိ။

    Return top

    နောက်ဆုံးတိုက်ခတ်ခြင်းများ

    Change this sentence and title from admin Theme option page.
     
    snowflake snowflake snowflake snowflake snowflake snowflake snowflakeWordpress balloons powered by nksnow